Phyo Wai Yan
2 min readAug 14, 2021

မင်မင်ဒီနေ့ပြောမှာကတော့ Eposoft ဆေးအကြောင်းပဲဖြစ်ပါတယ်

Eposoft ကောင်းလား၊ မကောင်းဘူးလား မင်မင်ကိုလာမေးနေကြလို့ သူ့အကြောင်းလေးမင်မင်တင်ပေးလိုက်ပါတယ်

Eposoft ဆိုတာဘာလဲ???

Eposoft ဆိုတာ Brand နာမည်တစ်ခုပါ

သူရဲ့ ဆေးအမည်ကတော့ Evening Primrose Oil (EPO) ပါ

EPO ကိုတော့ မြောက်အမေရိက ကလာတဲ့ ညနေပိုင်းပွင့်သော အဝါရောင်ဇလပ်ပန်းကနေ ထုတ်ယူထားတာပါ

သူ့ကို အင်္ဂလိပ်ဆေးအဖြစ်မသုံးခင်တုန်းက အညိုအမဲတွေ၊ လိပ်ခေါင်းတွေ၊ အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေနဲ့ လည်ပင်းနာတာတွေ ကုသဖို့အတွက် တိုင်းရင်းဆေးအနေနဲ့ သုံးခဲ့ကြပါတယ်

EPO မှာပါတာကတော့ Gamma-linolenic Acid (GLA) ဖြစ်ပြီး GLA ဆိုတာက မင်မင်တို့ ပြောပြောနေတဲ့ အိုမီဂါ 6 ဖက်တီးအက်စစ် တစ်မျိုးပါပဲ

ပိုပိုလို့ပဲခေါ်မယ်နော်

ပိုပိုကို လိမ်းလို့၊ သောက်လို့ရပြီး ပေးနိုင်မယ့် အကျိုးကျေးဇူးတွေကိုတော့ မင်မင်ဆက်ပြောပေးသွားပါ့မယ်

၁ - ဝက်ခြံတွေသက်သာစေတယ်

ဖုဖုတွေကြောင့်ဖြစ်လာမယ့် ရောင်ရမ်းမှုတွေကို နည်းစေပြီး ဒဏ်ရာရသွားတဲ့ အရေပြားဆဲလ်တွေကိုပါ ကုစားပေးတဲ့အပြင် အစိုဓာတ်ကိုပါထိန်းပေးပါတယ်

ဒါ့အပြင် ဝက်ခြံစစ်သည်တောကြီး၃ဦးထဲက တစ်ဦးဖြစ်တဲ့ Accutane ရဲ့ နှုတ်ခမ်းရောင်ခြင်းဆိုးကျိုးကိုပါ သက်သာစေနိုင်ပါတယ်

ရောင်ရမ်းတာတွေကိုပါ သက်သာစေတာကြောင့် ရောင်ရမ်းဝက်ခြံတွေအတွက်ပါ အကျိုးရှိမှာပါ

၂ - နှင်းခူသက်သာစေတယ်

အငြင်းပွားစရာ တစ်ခုဖြစ်နေပေမယ့်လည်း နှင်းခူသမားတွေ ပိုပိုသောက်တာက အရှုံ့တော့မရှိပါဘူး

နှင်ခူးမသက်သာရင်တော့ အရေပြားကျန်မာရေးအတွက် အကျိုးရှိမှာတော့ အမှန်ပါ

၃ - ပိုပိုက အရေပြားကျန်းမာရေးတိုးတက်စေပါတယ်

ပိုပိုမှာပါတဲ့ GLA က အရေပြား ကျုံ့နိုင်၊ဆန့်နိုင်စွမ်း၊ ကြံခိုင်မှုနဲ့ တာရှည်ခံနိုင်စွမ်းတွေကို တိုးတက်စေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်

အရေပြားကျန်းမာရေးအတွက် GLA လိုအပ်ပြီး ခန္ဓာကိုယ်ကလည်း GLA မထုတ်နိုင်တာကြောင့် GLA ကြွယ်ဝတဲ့ ပိုပိုသောက်ပေးခြင်းက အကျိုးရှိမှာပါ

၄ - သီသီလာလို့ စောင်ရူးထတာတွေကို သက်သာစေတယ်

သီသီလာခါနီးဆိုရင် ဗိုက်ဆာ၊ လေပွတာ၊ စောင်ရူးထတာ၊ ဒီပျက်ရှင်ဝင်တာဆိုတဲ့ PMS ဝင်လေ့ရှိပါတယ်

ဘာလို့လည်းဆိုတော့ တချို့လူတွေက အဲ့ဒီအချိန်မှာထွက်တဲ့ ပရိုလက်တင်ပမာဏကို တခြားလူတွေထက် တုံ့ပြန်လွယ်လို့ဖြစ်ပါတယ်

ပိုပိုမှာပါတဲ့ GLA က ခန္ဓာကိုယ်ထဲရောက်ရင် PG E1 ဆိုတဲ့ဒြပ်ပေါင်းကိုပြောင်းသွားပြီး အဲ့ဒီဒြပ်ပေါင်းက ပရိုလက်တင်ကြောင့် PMS မဝင်အောင် တားပေးနိုင်ပါတယ်

ရှင်းရှင်းပြောရရင် ပိုပိုက သီသီကြောင့် စောင်ရူးထတာအတွက် အကျိုးရှိပါတယ်

၅ - ရင်နာတာကို သက်သာစေတယ်

ဘဲပစ်လို့ရင်နာတာမဟုတ်ဘူးနော်

သီသီကြောင့် ရင်နာတာကိုပြောတာ

သီသီကြောင့် ရင်နာတာက ပရောက်စတန်ဂလန်ဒင်နဲ့ ဆိုင်ပြီး ပိုပိုရဲ့ GLA က သူမထွက်အောင်တားပေးပြီး ရင်ရင်ရောင်တာ၊ နာတာတွေကို သက်သာစေပါတယ်

၆ - သွေးဆုံးလို့ ဂွေးမုန်းတာအတွက် အကျိုးပြုတယ်

တချို့က သွေးဆုံးပြီဆို ဂွေးမုန်းသလို အကြွေးဆုံးသလို စိတ်တွေထထဖောက်လာပါတယ်

ဖောင်းဒိုင်းဆိုပြီး မသက်သာစေပေမယ့် အဲဒီအချိန်တွေမှာ ပိုပိုက အထောက်အကူပြုနိုင်မှာပါ

၇ - သွေးတိုးတာကိုလည်း သက်သာစေတယ်

သွေးတိုးရောဂါဆိုတာထက် ကိုယ်ဝန်ဆိပ်တက်လို့ သွေးတိုးတာကို သက်သာစေတာပါ

ဒါကတော့ အိုဂျီနဲ့ တိုင်ပင်ပြီးမှ သောက်သင့်တာပေါ့နော်

ဂိုးသွင်းခံထားရချိန်မှာ ဘယ်ဆေးသောက်သောက် ကလေးကိုထိခိုက်နိုင်စေတာမို့လို့ ဒေါက်ဒေါက်နဲ့ တိုင်ပင်ပြီးမှသာသောက်သင့်ပါတယ်

၈ - နှလုံးကျန်းမာရေးအတွက် အကျိုးရှိတယ်

နှလုံးဆိုတာ ရင်ဘက်ထဲကနှလုံးကိုပြောတာနော် မင်မင်တို့ ပြွတ်ပြွတ်နှစ်လုံးကို ပြောတာမဟုတ်ဘူး

ပိုပိုမှာပါတာက အိုမီဂါ ဖက်တီးအက်စစ်တွေပါ

မင်မင်သင်ပေးလိုက်ပါမယ်…
အိုမီဂါဖက်တီးအက်စစ်ဆိုရင် ကောင်းမွန်တဲ့အဆီတွေမို့လို့ နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်

၉ - အလကားနေ နာကျင်နေတာအတွက် အကျိုးရှိတယ်

အလကားနေ ဘယ်သူမှ ဘာမှမလုပ်ဘဲ နာကျင်နေတာကို Neuropathic Pain လို့ခေါ်ပါတယ်

အဖြစ်များတဲ့သူတွေကတော့ ဆီးချိုသမားတွေပါ

သူတို့တွေမှာဆိုရင် အားနေနာတာတွေ၊ ကျဉ်တာ၊ ထုံတာတွေ၊ ကွိကျကွကျိဖြစ်တာတွေနဲ့ အားနည်းတာတွေကိုပါ သက်သာစေမှာပါ

ဒါ့အပြင် ဆီးချိုသမားတွေကလည်း နှလုံးထိနိုင်တာမို့လို့ အပေါ်က နှလုံးကျန်းမာရေးကောင်းစေတယ်ဆိုတဲ့ အချက်နဲ့ပါ အဆင်ပြေနေပါတယ်

၁၀ - လေးဖက်နာအတွက် ကောင်းတယ်

လေးဖက်နာဆိုတာ လေးဖက်ထောက်ပြီး ကွိစကွစလုပ်လို့ နာတာကိုပြောမဟုတ်ပါဘူး

ခန္ဓာကိုယ်ထဲ့ ဘက်ဘက်ဝင်လို့ ခံခံက သူ့ကိုဆော်ရာကနေ ကျန်တာတွေကိုပါ မှားဆော်မိတာကြောင့်ဖြစ်ရတာပါ

လေးဖက်နာကြောင့်ဖြစ်တဲ့ အဆစ်နာ၊ အရိုးကိုက်တာတွေကို ကုတဲ့ဆေးတွေက ဆိုးကျိုးအများကြီးရှိပါတယ်

ဒါပေမယ့် မသောက်လို့မရပါဘူး

ဆေးလိုအပ်ချက်နဲ့ပြင်းအားကိုတော့ ပိုပိုလေးသောက်ပြီး လျော့ချချင်လျော့ချလို့ရမှာပါ

ဆိုးကျိုးတွေကကော ဘာတွေဖြစ်မလဲ???

အရမ်းကောင်းတဲ့ ဝင်နုတာတောင် ဆိုးကျိုးရှိသေးတာပါပဲ

ပိုပိုမှာလည်း ဆိုးကျိုးအချို့ရှိပါတယ်

ဒါပေမယ့်လို့ လူတိုင်းနီးပါ ဘေးကင်းပြီး ဆရာဝန်တွေပါ ပေးနေတဲ့ဆေးဆိုတာကိုတော့ မှတ်ထားပါ

ဆိုးကျိုးတွေကိုတော့ ကျင့်ဝတ်အရ ပြောရပါတယ်

ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်မကောင်းတာနဲ့ ဝမ်းပျော့ရုံလောက်ပါပဲ (မစိုးရမ်ရပါဘူး)

တချို့လူတွေကတော့ ဓာတ်မတည့်နိုင်ခြေရှိပါတယ် (နင်တို့ကချောင်မှာပဲနေ)

သွေးတိုးသမားတွေအတွက် ပိုပိုက ကောင်းတယ်ဆိုပေမယ့် အဲ့ဒီအချက်က ဆိုးကျိုးနည်းနည်းဖြစ်သွားပါတယ်

သွေးပေါင်ချပေးတာကြောင့် သွေးပေါင်ကျဆေးတွေသောက်နေရင် သတိထားပေးရပါမယ်

သွေးကျဲစေပြီး သွေးစီးဆင်းမှုကောင်းစေတာကြောင့် သွေးကြဲဆေးတွေသောက်နေရင် သတိထားရပါမယ်

ရေရှည်စွဲသောက်တာနဲ့ ပတ်သက်ပြီးကတော့ လုံလောက်တဲ့ လေ့လာမှုတွေ မလုပ်ရသေးပါဘူး

ဂိုးသွင်းခံရတဲ့အချိန်နဲ့ နို့တိုက်ချိန် (ကလေး) နဲ့ ပတ်သက်ပြီးလည်း ဘေးကင်း/မကင်းကိုတော့ လုံလောက်တဲ့ လေ့လာမှုတွေမလုပ်ရသေးပါဘူး

နိဂုံးချုပ်ပြောရရင်….

ပိုပိုက Supplement တွေထဲမှာမှ ပေါက်ကရမဟုတ်တဲ့ ဖြည့်စွက်စာတစ်မျိုးပါ

ကောင်းကျိုးအချို့လည်း ရှိနိုင်ပြီး ဘေးကင်းမှုလည်း အသင့်အတင့်ရှိပါတယ်

ဒါပေမယ့်လည်း မင်မင်က Man of Science ဖြစ်တဲ့အပြင် ဆေးကျောင်းသားဖြစ်တာကြောင့် Evidence-based Medicine ကိုသာ ကျင့်သုံးရပါတယ်

အဲ့တော့ ခဏသောက်တာရပေမယ့်လို့ ဆွဲသောက်မယ်ဆိုရင်တော့ ဘာမှသေချာပြောလို့မရပါဘူး

ဒါပေမယ့်လည်း အဲ့လောက်ထိတော့ ကြောက်မသွားကြပါနဲ့ (ဗမာဆေးတွေထက်တော့ အများကြီးသာပါတယ်)

ပိုပိုအကြောင်း သည်မှာတင်ပြီးပါပြီ…ပြွတ်ပြွတ်

#PhyoWaiYan

#LibraAestheticScience

#EPO #EpoSoft

Phyo Wai Yan
Phyo Wai Yan

Written by Phyo Wai Yan

ပိပိမင်မင်ပါ ☺️☺️☺️

No responses yet